ကော့မှူး ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထက်မြက်သူက ပြောကြားရာတွင် ကမ္ဘာအရပ်ရပ်တွင် ဘေးအန္တရာယ်အမျိုးမျိုးကျရောက်ခံစားရလျက်ရှိပြီး ထိုဘေးအန္တရာယ်များအနက် သဘာဝဘေးအန္တရာယ်မှာ အများဆုံးနှင့် ဒုက္ခအပေးဆုံးဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်တစ်ခုကျရောက်တိုင်း လူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးစေသည်သာမက နဂိုအခြေအနေသို့ ရောက်ရှိအောင် ပြန်လည်ထူထောင်ရသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးပါကြောင်း၊ သဘာဝဘေးအန္တရာယ်မကျရောက်မီကပင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ မလွဲမသွေပြုလုပ်ရန်လိုအပ်ကြောင်း၊ လူသားတို့၏ စည်းကမ်းမဲ့လုပ်ဆောင်ချက်များကြောင့် သဘာဝပတ်ဝန်းကျင်မှာ တစ်စတစ်စယိုယွင်းပျက်စီးလာသဖြင့် ရာသီဥတုသည် ပုံမှန်မဟုတ်တော့ဘဲ ပြောင်းလဲလာပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာကြောင်းနှင့် သဘာဝဘေးအမျိုးအစားများ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နည်းလမ်းနှင့် ဆောင်ရန်/ရှောင်ရန်များ၊ မုန်တိုင်းဘေး၊ ရေဘေးလေပြင်းဘေးအန္တရာယ်အတွက် ဆုံးရှုံးမှုသက်သာစေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အချက်များစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဟောပြောခဲ့ပြီး သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသောသဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုနေကြကြောင်း သိရသည်။
ကျော်သူရ