လမ်းမတော် ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၂) ဦးစံကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်ကျော်က လမ်းမတော်မြို့နယ်၌ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ကြိုတင်ဆန္ဒမဲပေးသည့် နေ့များနှင့် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲလာရောက်ပေးနိုင်စေရေးအတွက် မဲရုံအခင်းအကျင်းအား စနစ်တကျပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးကီးလောမှ မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များနှင့် ပတ်သက်၍လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
အစည်းအဝေးသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၂) ဦးစံကျော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)