ညောင်ရွှေမြို့နယ် လုံကန်ကျေးရွာ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် တပ်ဆင်မှုနှင့် စမ်းသပ်မဲပေးခြင်း သရုပ်ပြမှုကွင်းဆင်းဆောင်ရွက်

ညောင်ရွှေ ဇန်နဝါရီ ၁၂

၂၀၂၅-ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် ပါဝင်သည့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးမှ တာဝန်ရှိသူများသည် မဲဆန္ဒရှင် ပြည်သူများ အဆင်ပြေစွာဆန္ဒမဲပေးနိုင်ရေ၊ မဲရုံတာဝန်ကျစက်ကိုင်ဝန်ထမ်းများ မဲပေးစက်ကို စနစ်တကျကိုင်တွယ်အသုံးပြုနိုင်စေရန်အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် တပ်ဆင်မှုနှင့် စမ်းသပ်မဲပေးခြင်းသရုပ်ပြမှုကို ယနေ့နံနက်(၁၀)နာရီက ညောင်ရွှေမြို့နယ် အင်းလေး ကန်အနောက်ဘက်ကမ်းရှိ လုံကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ သရုပ်ပြကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူတစ်ဦးက စက်ကိုင်ဝန်ထမ်းများ မဲပေးစက်စနစ်တကျ တပ်ဆင်ကိုင်တွယ်မှုကို ရှင်းလင်းပြသပြီး မဲဆန္ဒရှင်ပြည်သူများ မဲပေးပုံစနစ်များကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့သည်။

ထို့နောက် မဲရုံစက်ကိုင် တာဝန်ကျဆရာ/မများက မြန်မာအီလက်ထရောနစ်မဲပေးစက်ကို  လက်တွေ့ကိုင်တွယ်တပ်ဆင်ခြင်းနှင့် တက်ရောက်လာသူများက စမ်းသပ်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး မွန်းလွဲပိုင်းတွင် အင်းတန်းကျေးရွာ သစ္စာအလင်းရောင်ဓမ္မာရုံ၌ ကျေးရွးအုပ်စု ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ်မဲပေးစက် တပ်ဆင်မှုနှင့်စမ်းသပ်မဲပေးခြင်း သရုပ်ပြမှုကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ