တိုက်ကြီး ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ပဥ္စမအကြိမ် ပြန်လည်ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကြည်ကုန်းကျေးရွာနှင့် ဂေါ်ရင်ဂျီကုန်းကျေးရွာတို့တွင် ကွင်းဆင်းထုတ်ချေးပေးသည်။
ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူက အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးရာတွင် လိုက်နာရမည့် စည်းကမ်းများနှင့် ၎င်းရန်ပုံငွေများဖြင့် မိမိတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများတွင် အကျိုးရှိစွာအသုံးချစေရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံတို့က ကြည်ကုန်းကျေးရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ အသင်းသား ၉၃ ဦးအား ရန်ပုံငွေကျပ် ၄၂၆ သိန်းအားလည်းကောင်း၊ ဂေါ်ရင်ဂျီကုန်းကျေးရွာမှ အသင်းသား ၁၆၅ ဦးအား အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် သိန်း ၄၃၀ အားလည်းကောင်း အသင်းသားတစ်ဦးချင်း လက်ဝယ်အရောက် ပဥ္စမအကြိမ်မြောက် ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)