ကျောက်ဆည် ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ(၂)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့်စာအုပ် စာစောင်ပြပွဲ ကျင်းပသည်။
ဦးစွာ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများအနေဖြင့် စာပေဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် စဉ်းစားတွေးခေါ်မှုမြင့်မားလာစေရေးပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၁)အခြေခံပညာကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက လက်ဆောင်များပေးအပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသောသုတ၊ရသ စာအုပ်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။
စုစုအေး(ကျောက်ဆည်)