သာစည်မြို့နယ် သာစည်-ဘိုကုန်းလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအား ကွင်းဆင်းကြည့်ရှု

သာစည် ဇန်နဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ နှစ်၊ ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ (GRF) ဖြင့် ဆောင်ရွက်လျက်ရှိသည့် Quick win လုပ်ငန်းဖြစ်သော သာစည်-ဘိုကုန်းလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား ဇန်နဝါရီ ၁၂ ရက်က ဌာနမှတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု (အထွေထွေပိုလျှံ) ရန်ပုံငွေကျပ် (၁၉၁.၄၈၅)သန်းဖြင့် သာစည်-ဘိုကုန်းလမ်း လမ်းအရှည် (၀.၈၀၅) ကီလိုမီတာအား ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေအား ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်နှင်းနှင်းအိလှိုင်နှင့် မြို့နယ်တာဝန်ခံတို့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) က လုပ်ငန်းများအား ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ရန် လမ်းညွှန်မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သာစည်-ဘိုကုန်းလမ်းသည် သာစည်မြို့နှင့်တိုက်ရိုက်ချိတ်ဆက်ထားသော အဓိကကျသည့်လမ်းဖြစ်ပြီး အဆိုပါလမ်းဆောင်ရွက်ပြီးစီးပါက ကျေးရွာတစ်ရွာ၊ အိမ်ခြေ (၁၆၇) အိမ်နှင့်လူဦးရေ (၆၁၅) ဦးတို့၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များအတွက် သွားလာရေး အဆင်ပြေချောမွေ့လာမည်ဖြစ်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)