ပုဂံရှေးဟောင်းအမွေအနှစ်ဒေသ၌ အိန္ဒိယနိုင်ငံ (ASI) အဖွဲ့က ငလျင်ဒဏ်​​ထိခိုက်ခဲ့သောရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းလျက်ရှိ

ပုဂံ  ဇန်နဝါရီ ၁၃

အိန္ဒိယနိုင်ငံအစိုးရထောက်ပံ့မှုများဖြင့် Archaeological Survey of India (ASI) အဖွဲ့က ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)နှင့်ပူးပေါင်း၍ ၂၀၁၆ ခုနှစ် ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသော ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံ (၇၃)ခုအား ကြံ့ခိုင်မှုထိန်းသိမ်းခြင်းနှင့် နံရံပန်းချီနှင့်အင်္ဂတေပန်းတော့ဆိုင်ရာ ကြံ့ခိုင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း  ၂၀၂၀ ပြည့်နှစ်မှစ၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ(ပထမအဆင့်)အနေဖြင့် ရှေးဟောင်းအဆောက်အအုံ (၁၁)ဆူ လုပ်ငန်းအားဖြင့် ၂၂ ခုကို ရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်ပြီး (ဒုတိယအဆင့်)အနေဖြင့် ၂၀၂၅ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ရှေးဟောင်းအဆောက်အအုံ ၅၀ ကို အဆောက် အအုံပိုင်းဆိုင်ရာ ကြံ့ခိုင်ထိန်းသိမ်းခြင်းနှင့် နံရံပန်းချီနှင့်အင်္ဂတေပန်းတော့ဆိုင်ရာ ကြံ့ခိုင်မှုထိန်းသိမ်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း ရှေးဟောင်းအဆောက်အအုံ (၁၅)ခုကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) တာဝန်ရှိသူများထံက သိရသည်။

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) တာဝန်ခံညွှန်ကြားရေးမှူး ဦးညီမွန်း ဦးဆောင်သော တာဝန်ရှိသူများက (ASI)အဖွဲ့နှင့် ရှေးဟောင်းအဆောက်အအုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်း​ခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဒီပါလင်း