မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆွေးနွေး

မြောက်ဥက္ကလာပ ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် တာ၀န်ထမ်းဆောင်မည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် တာဝန်ရှိသူများအား ယမန်နေ့ နံနက် ၉ နာရီ အချိန် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမတွင် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆွေးနွေးကြသည်။

ထိုသို့ ဆွေးနွေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးမိုးသူက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ပြည်သူများဆန္ဒမဲပေးရာ၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးသည့်အခါ အချိန်ကြန့်ကြာမှုမရှိစေရန်နှင့် မဲရုံများတွင် တာဝန်ရှိသူများအနေဖြင့် မဲပေးစက်များ တပ်ဆင်အသုံးပြုရာတွင် အခက်အခဲများ ဖြစ်ပေါ်တတ်၍ စနစ်တကျတပ်ဆင်၍ အသုံးပြုရန်ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်စိုးက မဲပေးမှုစနစ်ကောင်းမွန်ရေး၊ မဲပေးစက်များ သယ်ယူပို့ဆောင်ရေး၊ မဲပေးစက်များ အဆင့်အသင့်ဖြစ်နိုင်ရေး၊ မဲပေးစက်ကိုင်တွယ်အသုံးပြုမည့်သူများ အဆင့်အသင့်ဖြစ်စေရေး၊ လုံခြုံရေးကောင်းမွန်ရေးနှင့် ရွေးကောက်ပွဲကျင်းပရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးနိုင်ရေးပြောကြားသည်။ ထို့နောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိက မဲရုံများ၌ တာဝန်ရှိသူများ အနေဖြင့်ရွေးကောက်ပွဲနေ့တွင် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများနှင့် ရွေးကောက်ပွဲဆိုင်ရာများကို ပြောကြားသည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်း၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) အတွက် ရပ်ကွက် (၁၉) ရပ်ကွက်ရှိ မဲရုံ (၁၄၀) ရုံရှိကြောင်းနှင့် မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူစုစုပေါင်း (၂၀၂၉၇၀) ဦးရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)