ဘုတ်ပြင်း ဇန်နဝါရီ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၁၃ ရက်က ဘုတ်ပြင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ မာရ်အောင်ဘုန်းတော်ကြီးသင်မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက စာဖတ်ရှိန်မြှင့်တင်ရေး ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ “ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နောင်တစ်ချိန်တွင်နိုင်ငံနှင့် လူမျိုးအကျိုး သယ်ပိုးထမ်းရွက်ကြရမည်ဖြစ်၍ ယခုအရွယ်မှစပြီး ဗလငါးတန်နှင့်ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ ရည်မှန်းချက်ထားရှိရမှာဖြစ်ကြောင်း၊ ပြင်ပဗဟုသုတရရှိစေရန် စာပေများဖတ်ရှုလေ့လာကြစေလိုပါကြောင်း၊ လာမည့်နွေရာသီကျောင်းပိတ်ရက်များတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတရသစာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းနိုင်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး စာအုပ်စာစောင်များ၊ ကလေးအလုပ် သမားလျော့နည်းပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ ဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)