ပွင့်ဖြူ ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေး အကြံပြုစစ်ဆေးခြင်များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့နယ် လှည်းကြီးကျေးရွာ၊ ကုလားကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် ကံသာကြီးကျေးရွာတို့ရှိ ဆန်စက်လုပ်ငန်းများနှင့် ရွေးသန့်စက်လုပ်ငန်းခွင်များသို့ သွားရောက်ပြီး လုပ်ငန်းရှင်နှင့် အလုပ်သမားများကို တွေ့ဆုံကာ ပွင့်လင်းရာသီကာလတွင် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် လိုက်နာရမည့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောပြီး လုပ်ငန်းခွင်အတွင်း မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ နှင့် မီးဘေးကာကွယ်ရေးစနစ်များကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆန်စက်လုပ်ငန်းခွင်ရှိ လုပ်ငန်းရှင်နှင့် အလုပ်သမားများကို မီးဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့လာပါက စိုးရိမ်ကြောက်ရွံ့မှုကင်းရှင်းစွာ မီးကို စနစ်တကျ ငြှိမ်းသတ်ဆောင်ရွက်တတ်စေရေးအတွက် မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်ခြင်းများ၊ ရေစိုဝတ်ဖြင့် မီးငြှိမ်းသတ်ခြင်း၊ ဖုံးအုပ်နည်းဖြင့် မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့လေ့ကျင့်သရုပ်ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )