သရက်ချောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

သရက်ချောင်း ဇန်နဝါရီ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၃ ရက် နံနက် ၉ နာရီက သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း (ပညာရတနာခန်းမ)၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားအား သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "စုံညီပွဲတော်တူနွှဲပျော်" သီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌အောင်မြင့်သိန်းက ယနေ့လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်လို​ကြောင်း၊ ယခုလိုပညာ‌ရေးစုံညီပွဲတော်ကို ကျင်းပပေးရတဲ့ ရည်ရွယ်ချက်တွေကတော့ အခြေခံပညာကဏ္ဍမှာ ပညာရည်မြင့်မားပြီး ကျန်းမာကြံ့ခိုင်၍ အကျင့်စာရိတ္တကောင်းမွန်တဲ့ ဘက်စုံထူးချွန်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်အတွက်ပဲဖြစ်တာကြောင့် ယခုအချိန်ကာလဟာ ပညာရေးစုံညီပွဲတော်‌တွေကို ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းနှင့်ပြည်နယ်အဆင့်ဆိုပြီး ကျင်းပ‌နေတဲ့ကာလပဲ ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေနဲ့ ကျောင်းသားလူငယ်များကို ကျောင်းသင်ဘာသာရပ်အပြင်

 လူတော်လူကောင်းတစ်‌ယောက်အနေနဲ့ ဘဝမှာကြုံတွေ့ရမည့် ပြောဆိုဆက်သွယ်မှု၊ စီမံခန့်ခွဲမှု၊ လူမှုရေးတာဝန်သိတတ်ကျေပွန်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ ပြဿနာဖြေရှင်းတတ်မှု၊ မှန်ကန်စွာ ဆုံးဖြတ်ချက်ချနိုင်မှုများကို ကျောင်းတွင်းလုပ်ငန်းများနဲ့အတူတစ်ပါတည်း လေ့ကျင့်သင်ကြားပေးကြရလိုကြောင်း၊ ကျောင်းသား၊ကျောင်းသူများအနေနဲ့လည်း အနာဂတ်မှာ နိုင်ငံ့သားကောင်းများ၊ ပညာရှင်များ၊ ခေါင်းဆောင်ကောင်းများ ဖြစ်လာကြဖို့ ကြိုးစားအားထုတ် လေ့လာဆည်းပူးသွားကြပါလို့ တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ တာဝန်ခံပညာရေးမှူး ဦးစောမိုးကျော်က အခမ်းအနားသို့ တက်ရောက်လာကြသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌အောင်မြင့်သိန်းနှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်နှင့် ဗဟိုအဆင့် ပြိုင်ပွဲများတွင် ထူးချွန်ဆုများ အသီးသီးရရှိသော မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဒိုင်းဆု၊ မှတ်တမ်းလွှာများနှင့် ဆု‌ငွေများချီးမြှင့်ခြင်း၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက အနုပညာစွမ်းရည်များဖြင့် ဧည့်ခံဖျော်ဖြေကြရာ တာဝန်ရှိသူများနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက ကြည့်ရှုအားပေးခဲ့ပြီးနောက် (အ-ထ-က) သရက်ချောင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ပန်းများဝေစီ" သီချင်းဖြင့် သီဆို‌ဖျော်ဖြေကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သတင်းရသည်။

ပြည့်ဖြိုးပိုင် (ပြန်/ဆက်)