ပုသိမ် ဇန်နဝါရီ ၁၃
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံး၏စီစဉ်မှုဖြင့်ဖွင့်လှစ်သော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်သော တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက်ခရီးစဉ်အသစ်များဖော်ထုတ်ဆောင်ရွက်နိုင်ခဲ့သဖြင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်လျက်ရှိပါကြောင်း၊ ကမ်းခြေခရီးသွားဒေသများဖြစ်သည့် ငွေဆောင်၊ ချောင်းသာဒေသများနှင့်ဆက်စပ်၍ ရွှေသောင်ယံ၊ ဂေါ်ရန်ဂျီကျွန်း၊ မြတ်မော်စွန်းစေတီတော်၊ ကျောက်ကလပ်ဒေသများသို့ ခရီးသွားများသွားလာ လည်ပတ်နိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်၍ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေးအတွက်လည်း လမ်း၊ တံတားများ အဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ခြင်းများ တိုးချဲ့တည်ဆောက်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဟိုတယ်များ၊ တည်းခိုရိပ်သာများအနေဖြင့် ခရီးသွားဧည့်သည်များပေးရသည့် တန်ဖိုးနှင့်ညီမျှသည့် ဝန်ဆောင်မှုများ ပေးရန်လည်းလိုအပ်မည်ဖြစ်ပါကြောင်း၊ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းသို့ တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် အပြန်အလှန်ဆွေးနွေးမှုများဖြင့် ကြိုးစားသင်ယူ တက်ရောက်သွားကြစေလိုကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ခရီးစဉ်ဒေသများ ဈေးကွက်မြှင့်တင်ကြော်ငြာရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက စီစဉ်ရိုက်ကူးထားသည့် ပုသိမ်မြို့၊ ငွေဆောင်ကမ်းခြေနှင့် ချောင်းသာကမ်းခြေဒေသ ခရီးစဉ်မှတ်တမ်း Video Clip ပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။ အဆိုပါသင်တန်းအား ယနေ့မှစ၍ (၄)ပတ်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး FRONT OFFICE၊ FOOD & BEVERAGE(SERVICE)၊ HOUSEKEEPING ဘာသာရပ် (၃) မျိုးအား သင်တန်း သား၊ သင်တန်းသူ (၅၃) ဦးအား သင်ကြား ပေးသွားမည်ဖြစ်သည်။
လှမင်းထွဋ်