ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၅-၂၀၂၆) တက်ရောက်

တောင်ကြီး ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီ  အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၅-၂၀၂၆)ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ကျင်းပသည်။

ဦးစွာ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်း(၃၀၀)ကို မှတ်ပုံတင်ပေးရန် လျာထားခဲ့ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် လုပ်ငန်းပေါင်း(၈၆)ခုကို စီစစ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ယခုထက်ပို၍ပိုမိုပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက လုပ်ငန်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးက တင်ပြထားသော လုပ်ငန်းမှတ်ပုံတင်များအား အတည်ပြုလက်မှတ်ရေးထိုး၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်အတွင်း အသေးစား စက်မှုလက်မှုလုပ်ငန်းပေါင်း (၂၁၁၇) ခုအား မှတ်ပုံတင်ခွင့်ပြုထားပြီး ဖြစ်ကြောင်း သိရသည်။

မင်းသန့် (ပြန်/ဆက်)