တောင်ကြီး ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီအစည်းအဝေးအမှတ်စဉ်(၆/၂၀၂၅-၂၀၂၆)ကို ယမန်နေ့ မွန်းလွှဲ ၃ နာရီက ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ပေးဖို့(၃၀၀)ခုကို လျာ ထားခဲ့ပါကြောင်း၊ ၂၀၂၅၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အစည်းအဝေး(၅)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီးလုပ်ငန်းပေါင်း (၄၈၀) ခုကို မှတ်ပုံတင်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုအစည်းအဝေးမှာ လုပ်ငန်းပေါင်း(၈၆)ခုကို စိစစ်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ယနေ့အထိ ရှမ်းပြည်နယ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း(၂၁၁၇)ခုကို မှတ်ပုံတင်ခွင့်ပြုထားပေးပြီး ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းကော်မတီအမှတ်စဉ် (၆/၂၀၂၅-၂၀၂၆) အစည်းအဝေးတွင်လုပ်ငန်းအသစ် လျှောက်ထားလာသည့် စားသောက်ကုန်လုပ်ငန်း(၈)ခု၊ လူသုံးကုန်လုပ်ငန်း(၁၁)ခု၊ အဝတ်အထည်လုပ်ငန်း(၄၅)ခု၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း(၁၅)ခု၊ ကုန်ကြမ်းလုပ်ငန်း(၁)နှင့် အထွေထွေလုပ်ငန်း(၆)ခု၊ စုစုပေါင်း(၈၆)ဦးထဲမှာ ဝင်ငွေတိုးစီမံကိန်းမှ ပေါ်ထွက်လာသည့် လုပ်ငန်းရှင်(၅၈)ဦး လည်းပါဝင်ပါကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက လုပ်ငန်းမှတ်ပုံတင်များ ထုတ်ပေးမှုနှင့်ပတ်သက်၍ ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြရာ
ပြည်နယ်ဝန်ကြီးနှင့် ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေးကြပြီး လုပ်ငန်းမှတ်ပုံတင်များကို ဥပဒေနှင့်အညီ စိစစ်ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)