ကျိုက်လတ် ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြည်သူ့အားကစားကွင်းတွင် ယနေ့နံနက် (၈) နာရီက အစိုးရစက်မှုလက်မှုသိပ္ပံ(ကျိုက်လတ်)၏ ဆောင်းရာသီ အားကစားပွဲတော်နှင့် ဆဋ္ဌမအကြိမ် မေဂျာပေါင်းစုံဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲလုံ့လဝီရိယ ကြီးမားမှုနှင့်စည်းလုံးညီညွတ်မှုတို့ကို ထင်ဟပ်ပေါ်လွင်စေနိုင်သည့် စွမ်းရည်ပြ ယှဉ်ပြိုင်မှု တစ်မျိုးဖြစ်ကြောင်း၊ ယခုဆောင်းရာသီ အားကစားပွဲတော်နှင့် မေဂျာပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ကြမည့် ကျောင်းသား၊ ကျောင်းသူ အားကစားသမားများအနေဖြင့် အားကစားသမားကောင်းများ၏ အမူအကျင့်နှင့် ပင်ကိုယ်စွမ်းရည်များကို ဖော်ထုတ်ယှဉ်ပြိုင်ပြီး အားကစားသမားအချင်းချင်း ချစ်ခင်ရင်းနှီးစွာဖြင့် အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ယှဉ်ပြိုင် ကစားကြစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက်အစိုးရစက်မှုလက်မှုသိပ္ပံ(ကျိုက်လတ်) ကျောင်းအုပ်ဆရာကြီး ဒေါက်တာ အောင်ဟိန်းလတ်က ပြိုင်ပွဲကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများအား မြို့နယ်ဘင်ခရာတပ်ဖွဲ့နှင့် အစိုးရစက်မှုလက်မှု သိပ္ပံမှ ကျောင်းသူလေးများက ပန်းပွားအကဖြင့် ဖျော်ဖြေပေးခဲ့သဖြင့် ဖျာပုံခရိုင် စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ပြီး MECH အသင်းနှင့် EP အသင်းတို့ ယှဉ်ပြိုင်မည့် ပထမပွဲစဉ်အဖွင့်ဘောလုံးအား ဘောလုံးကွင်းအတွင်းသို့ ကန်သွင်း၍ စတင် ယှဉ်ပြိုင်ခဲ့မှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(ကျိုက်လတ်)၏ ဆောင်းရာသီအားကစားပွဲတော်နှင့် ဆဋ္ဌမအကြိမ် မေဂျာပေါင်းစုံဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ ၁၃ ရက်နေ့မှစ၍ ဇန်နဝါရီလ ၂၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မင်းအောင်