ကျောက်မဲ ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အ.ထ.က (၃) ကျောင်း၌ ဖွင့်လှစ်ထားသည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ Grade-9 အောင်မြင်ပြီးသူ ကျောင်းသား၊ ကျောင်းသူများ လျှောက်ထား တက်ရောက်နိုင်ကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိစေရန်ရည်ရွယ်၍ တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်က အ.ထ.က (၁) သီရိရတနာခန်းမတွင် အသိပညာဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်မဲမြို့နယ် ပညာရေးမှူး ဒေါ်ခင်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မိုင်းငေါ့မြို့တာဝန်ခံ ဒေါ်ရည်မွန်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာဝေမာထွန်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းမှ ဆရာဦးထက်လှိုင်းကျော်နှင့် ဆရာ၊ ဆရာမများတို့က ကျောက်မဲမြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ စက်မှုနည်းပညာ၊ စိုက်ပျိုးရေးအတတ်ပညာနှင့် မွေးမြူရေးအတတ်ပညာများကို အထက်တန်းပညာနှင့်တွဲဖက်၍ ဖွင့်လှစ်သင်ကြားပေးနေသည့် အခြေအနေများ၊ ဘာသာရပ်အလိုက် ရွေးချယ်တက်ရောက်နိုင်သည့် အခြေအနေများနှင့် ရွေးချယ်တက်ရောက်သည့် ဘာသာရပ်အလိုက် ရရှိလာနိုင်မည့် အခွင့်အလမ်းများအကြောင်းကို အသီးသီး ဟောပြောဆွေးနွေးခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း၊ အလားတူဟောပြောပွဲကို အခြားအထက်တန်းကျောင်းများတွင် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကျောက်မဲခရိုင် (ပြန်/ဆက်)