တာမွေ ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို မကြာမီကျင်းပပြုလုပ်မည်ဖြစ်ရာ ရွေးကောက်ပွဲကျင်းပသည့်နေ့၌ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ လွတ်လွတ်လပ်လပ် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲလာရောက်ပေးနိုင်စေရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက မဲရုံအပြင် အဆင်အခင်းအကျင်း နမူနာပြသခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ထိုကဲ့သို့ ဆောင်ရွက်ရာတွင် တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးအောင်က တက်ရောက်လာကြသူများအား မဲရုံအတွင်း အခင်းအကျင်းအပြင်အဆင် ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးဖြိုးပြည့်စုံက ရွေးကောက်ပွဲကျင်းပသည့်နေ့၌ မဲရုံများ၏ လုံခြုံရေးနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုးဌေးက ရွေးကောက်ပွဲကျင်းပသည့်နေ့၌ သက်ဆိုင်ရာမဲရုံများသို့ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲလာရောက်ပေးနိုင်စေရေးအတွက် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍လည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ပြီး မဲရုံအတွင်း အပြင်အဆင်အခင်းအကျင်း နမူနာပြသဆောင်ရွက်ခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
အခမ်းအနားသို့ တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)