ဒဂုံတောင် ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကာယ၊ ဉာဏ၊ စာရိတ္တ ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အမှတ် (၁၈) ရပ်ကွက်၊ စည်ပင်လမ်းရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
ဦးစွာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ပေးပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်က ထူးချွန်ထက်မြက်အောင် ကြိုးစားကြသော မြို့နယ်ဂုဏ်ဆောင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပါကြောင်း ကျောင်းသား၊ ကျောင်းသူလေးများအား ထူးချွန်ထက်မြက်ပြီး ဘက်စုံထူးချွန်အောင် သင်ကြားပေးသော ဆရာ၊ ဆရာမများအား အသိအမှတ်ပြုပါကြောင်း ဆရာ၊ ဆရာမများအနေဖြင့် ပညာသင်ကြားရေးတွင်သာမကဘဲ နိုင်ငံတော်ကပေးအပ်သော အခြားတာဝန်များကိုလည်း အလေးထားဆောင်ရွက်ကြသည်ကိုလည်း တွေ့ရှိအသိအမှတ်ပြုပါကြောင်း မြို့နယ်ဂုဏ်ဆောင်ဆုရရှိသော ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား နေ့ထူးနေ့မြတ် အထိမ်းအမှတ်အခမ်းအနားကြီးများတွင် လူထုရှေ့၌ ချီးမြှင့်ခြင်းများ ဆောင်ရွက်ပေးပါကြောင်းနှင့် ဆက်လက်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယခုနှစ်တက္ကသိုလ်ဝင်တန်း (G12) အောင်ချက်မြှင့်မားရေးအတွက် ပညာရှင်ဆရာ၊ ဆရာမကြီးများဖိတ်ကြားကာ အောင်ချက်မြင့်မားရေးလေ့လာကျက်မှတ်ရန် နည်းလမ်းကောင်းများရရှိအောင် ဆောင်ရွက်ပေးရန်စီစဉ်နေပါကြောင်း စသဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော်ဗဟိုအဆင့်၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊မြို့နယ်အဆင့် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးသီဟကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက ဆုများချီးမြှင့်ပေးအပ်ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးသီဟကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ၊ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
နေမျိုးအောင် (ပြန်/ဆက်)