မိုးနဲ ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နောင်ကျော့အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို အဆိုပါကျောင်း၌ ယနေ့နံနက် ၉ နာရီ အချိန်ကကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက တို့ကျောင်းတော်တေးသီးချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တာဝန်ခံမြို့နယ်ပညာရေးမှူး ဒေါ်နန်းယဥ်ယဉ်အေးက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းအိအိစံက ပညာရေးဆိုင်ရာအချက်များကိုလည်းကောင်း၊ နောင်ကျော့ကျောင်း ကျောင်းအကျိုးတော်ဆောင်နှင့် ကျောင်းအုပ်ဆရာကြီး ဦးစဝ်ကျော်ကျော်တို့က ကျောင်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ထူးချွန်စွာအတန်းတက်သွားခဲ့ကြသော ကျောင်းသား၊ ကျောင်းသူလေးများ၊ ကာယ၊ ဉာဏနှင့် ရှမ်းတိုင်းရင်းသားစာပေထူးချွန်ဆုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးငိုပွယ်၊ တာဝန်ခံမြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြပြီး ကျောင်းသား ၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ဖျော်ဖြေပေးခဲ့ကြောင်းသိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)