မိုင်းရှူးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ

မိုင်းရှူး ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပွဲတော်ကို ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါသည်ဆုံညီပွဲတော်နှင့် မင်္ဂလာရှိစေသော်” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌မောင်မောင်လွင်၊ မြို့နယ်ပညာရေးမှူး ဦးတင်ဇော်ထူးနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဒုတိယအတွင်းရေးမှူး ဦးစိန်မြင့်တို့က အမှာစကား ပြောကြားခဲ့ကြကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း Grade-12 စာမေးပွဲအောင် ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားပေးသောဆရာ၊ ဆရာမများ ဆုချီးမြှင့်ခြင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ ဆုချီးမြှင့်ခြင်းနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

အဆိုပါ ပွဲတော်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌မောင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်နေ မိဘပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)