မိုးနဲ ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နာဟောင်ရပ်ကွက် နာဟောင်အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများပူးပေါင်းကာ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားပေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပေးခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း ဗြိတိန်နိုင်ငံသို့ သွားရောက်ခဲ့သည့် မှတ်တန်းဓာတ်ပုံများပါရှိသော နံရံကပ်စာစောင်ပြသခြင်းနှင့် ကျောင်းသား/သူများ သိသင့်သိထိုက်သော ဗဟုသုတရဖွယ်စာအုပ်များ ပြသခြင်းကို ဆောင်ရွက်ခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
ဇင်ကိုကို