မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

မင်းဘူး ဇန်နဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်‌နေမှုအခြေအနေများကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မင်းဘူးမြို့ အမှတ်(၂)ရပ်ကွက်သို့ရောက်ရှိပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူဆောင်ရွက်သည့် ပန်းပဲတန်းလမ်း အရှည်ပေ ၈၀၀၊ အကျယ် ၁၄ ပေ၊ ထု ၉ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံများနှင့်တွေ့ဆုံကာ မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းဘူးမြို့ အမှတ်(၄) ရပ်ကွက်ရှိ မင်းဘူးခရိုင်အားကစားကွင်းသို့သွားရောက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင် လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်သည့် ခရိုင်အားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအဖြစ် အားကစားကွင်းအတွင်း ပတ်လမ်းအုတ်ရေမြောင်း ၁၃၀၂ ပေနှင့် အပြင်ပတ်လမ်း အုတ်ရေမြောင်း ပေ ၁၈၀၀ ဆောင်ရွက်နေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ခရိုင်အားကစားကွင်းကြီး ရေရှည်အကျိုးဖြစ်ထွန်းစေရေး တွက်ချက်ပြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားရန်နှင့် အားကစားကွင်းအတွင်းသာမက မြို့ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများကိုလည်း ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းဘူးမြို့ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မြို့မကျောင်းသို့ သွားရောက်ပြီး အဆိုပါကျောင်းအတွင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူလေးများအား အာဟာရတိုက်ကျွေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)