ထားဝယ် ဇန်နဝါရီ ၁၃
တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျောင်းပြင်ပ ပညာရေးသင်ယူနေကြသည့် ကျောင်းသား/ ကျောင်းသူများအတွက် ရပ်ရွာအခြေပြု အဆင့်မြင့်စက်ချုပ် သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းရင်းသားရေးရာစင်တာ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပညာရေးဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရသော ကျောင်းပြင်ပရောက်ကလေးများ၊ စာမသင်ခဲ့ရသူများ၊ အရွယ် လွန်သူများ၊ အသက်အရွယ်ဖြင့်အတန်းနှင့် မညီမျှသော ကလေးများကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျောင်းပြင်ပပညာရေးအစီအစဉ်ဖြင့် သင်ကြားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းပြင်ပပညာရေးကျောင်းသား/ကျောင်းသူများ ရသင့်ရထိုက်သောအခွင့်အရေးများ ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာအပြင် စိတ်ဓာတ်ခွန်အားများရရှိအောင် တိုင်းရင်းသားရေးရာ စင်တာရုံးတွင် အဆင့်မြင့်စက်ချုပ်သင်တန်းအားဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းနေပြင်ပကျောင်းသား/ ကျောင်းသူများအတွက် သင်တန်းများ ဆက်လက်ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သော အလတ်စားနှင့်အသေးစားစက်မှုလက်မှုလုပ်ငန်းသင်တန်းများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုအဆင့်မြင့်စက်ချုပ်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးနိုင်သည့်အတွက် ကျောင်းသား/ ကျောင်းသူများအနေဖြင့် အတိုင်းအတာတစ်ခုအထိတတ်မြောက်သွားသော ကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဝမ်းမြောက်ကြောင်း၊ ထို့အပြင် ကျောင်းနေပြင်ပကျောင်းသား/ကျောင်းသူများအတွက် လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရန် ယဉ်ကျေးမှုသင်တန်းများ၊ အသက်မွေးကျောင်းသင်တန်းများကို ဆက်လက်ဖွင့်လှစ် သင်ကြားပေးသွားမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းထူးချွန်ဆုရရှိသူ မခိုင်သဇင်အား ဂုဏ်ပြုဆုချီးမြှင့်ငွေ ပေးအပ်ပြီး သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ကာ တိုင်းဒေသကြီးတရားလွှတ်တော်တရား သူကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်သည်။
ယင်းနောက် သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား/သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကာ ကျောင်း သား/ကျောင်းသူများနှင့် ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)