မရမ်းကုန်း ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ကာယ၊ဉာဏစွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့ နံနက် ၁၀ နာရီတွင် အမှတ် (၂၉) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အ.မ.က (၂၉) ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာမင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်မော်ကပညာ၏ တန်ဖိုးခေါင်းစဉ်ဖြင့် မည်သည့်ပညာမဆိုအသေးအဖွဲဟူ၍ မရှိပဲ အသိပညာ၊ အတတ်ပညာတို့ကို သေချာစွာတတ်မြောက်သည်အထိ လေ့လာဆည်းပူးကြရန်၊ ပညာကိုရှာဖွေရာတွင်လည်း စာကြည့်တိုက်သည် အမှန်တကယ်အသုံးချရမည့် နေရာဖြစ်ကြောင်းတို့ကို ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဉာဏပြိုင်ပွဲများအဖြစ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲများနှင့် ကာယစွမ်းရည်ပြိုင်ပွဲများအနေဖြင့် ခါးလှည့်ကွင်းပြိုင်ပွဲ၊ ဘောလုံးပစ်ဂိမ်းကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာပါဝင်ဆော့ကစားခဲ့ကြရာ ဆုရရှိသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော နံရံကပ်၊ စာအုပ်စာစောင်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့သည်။
ရဲထွန်း (ပြန်/ဆက်)