အင်းစိန် ဇန်နဝါရီ ၁၃
ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင်ရုံးအနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး (Road Safety) ဟူသည့် ရည်မှန်းချက်အတိုင်း လမ်းအသုံးပြုသူတိုင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာစေရန်ရည်ရွယ်၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာများကို ယနေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ် အ.လ.က-(၆) ကျောင်း၊ အနော်ရထာခန်းမတွင် အသိပညာပေးဟောပြောခဲ့ကြသည်။
ဟောပြောပွဲတွင် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အင်းစိန်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးကျော်ကျော်ခိုင်ထွန်းက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များနှင့် တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး) မှ စစ်ဆေးရေးမှူး (၃) ဦးအောင်ခိုင်ဖြိုးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ထုတ်ပြန်ထားသော ဥပဒေများနှင့် သတိပြုလိုက်နာရမည့် အချက်အလက်များကို Video Click ပြသကာ အသိပညာပေးရှင်းလင်းဟောပြောပေးခဲ့ကြသည်။
ဆက်လက်၍ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အင်းစိန်ခရိုင်ရုံးမှ ဝန်ထမ်းများက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများကို ဖြန့်ဝေပေးခဲ့ကြပြီး တက်ရောက်လာကြသူများကလည်း ပြသထားသည့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)