မြောင်းမြမြို့တွင် လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲပြုလုပ်

မြောင်းမြ ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က စကမြားကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အ.ထ.က စကမြားကျောင်းမှ ကျောင်းအုပ်ဆရာမကြီး နော်သဲလ်မာအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခင်ရူပါအေးက "လူငယ်နှင့်စာဖတ်ခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးစိုင်းဝေလင်းနောင်က "လူငယ်နှင့်အားကစား" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးလှထွဋ်ဦးက "စားသုံးသူ ရေးရာအသိပညာပေး" ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်း ကို ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ရူပါအေးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အ.ထ.က စကမြားကျောင်း၊ Grade-11 မှကျောင်းသား၊ ကျောင်းသူလေးများက ဟောပြောခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်၍ ပြန်လည်ဆွေနွေးခဲ့ကြပြီး အခမ်းအနားတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များအားမေးမြန်းခဲ့ရာ မြို့နယ်အားကစားမှူး ဦးစိုင်းဝေလင်းနောင်က ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)