ချောက် ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်နိုင်ရန်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများအား မြို့နယ်အတွင်းရှိ ကျေးရွာ (၄၂) ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ (၁၂) ရက်နေ့ နံနက်ပိုင်းက ပန်းဘဲကျေးရွာအုပ်စု၊မင်းကန်ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် ပန်းဘဲကျေးရွာအုပ်စု မင်းကန်ကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၂၃) ဦးနှင့် အသေးစားစက်မှုလုပ်ငန်းလုပ်ကိုင်သူ (၉၀) ဦး စုစုပေါင်းအသင်းသား (၁၁၃) ဦး ၏ မိသားစုဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဆွေးနွေးခဲ့သည်။
ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် ပန်းဘဲကျေးရွာအုပ်စု မင်းကန်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၂၃ ဦးကို ငွေကျပ်(၁၀)သန်း ၊ အသေးစားစက်မှုလုပ်ငန်းလုပ်ကိုင်သူ(၉၀)ဦး ကို ငွေကျပ်(၄၁. ၅)သန်း စုစုပေါင်း ၁၁၃ ဦး အတွက် ရန်ပုံငွေ ကျပ်(၅၁.၅)သန်းကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးထားပြီး မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)