အင်တော ဇန်နဝါရီ ၁၄
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ တကောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို ကျောင်းသားကျောင်းသူများက စုံညီပွဲတော်ဒို့နွှဲပျော်သီချင်းသီဆို၍ ဖွင့်လှစ်သည်။ ယင်းနောက် ရပ်စောက်မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးရဲမြင့်ထွန်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များက အမှာစကားပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးအေးက ပညာရေး ဆိုင်ရာအချက်အလက်များနှင့်ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် A အဆင့်ဖြင့် ထူးချွန်ဆုရသူများ၊ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ထူးချွန်ဆုရသူများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်အောင်မြင်အောင် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသားကျောင်းသူများကို ဆုချီးမြှင့်ခြင်းနှင့် ကျောင်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘက်စုံလှူဒါန်းပေးကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းကို ဒုတိယမြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဒိုင်းဆုနှင့်ဂုဏ်ပြုလွှာမှတ်တမ်းလွှာများကို အသီးသီးပေးအပ် ချီးမြှင့်ကြသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယမြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော် ဆောင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ဆရာများ ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ပြီး ကျောင်းသားကျောင်းသူများက တိုင်းရင်းရိုးရာအကများ၊ တေးသရုပ်ဖော်အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
အင်တော(ပြန်/ဆက်)