မက်မန်းမြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များ တပ်ဆင်ဆောင်ရွက်လျက်ရှိ

မက်မန်း ဇန်နဝါရီ ၁၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦးနှင့် တာဝန်ရှိသူများသည် မက်မန်းမြို့နယ်၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)တွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) တပ်ဆင်ဆောင်ရွက်နေမှု လုပ်ငန်းများကို ဇန်နဝါရီလ ၁၃ ရက် မွန်းလွဲပိုင်းက မိုင်းပျဉ်းမြို့ ခလရ (၄၃) တပ်နယ်ခန်းမ၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦးသည် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) တပ်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်နေသော “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး၊ မက်မန်းခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့များအား ရွေးကောက်ပွဲကျင်းပသောနေ့တွင် မဲဆန္ဒရှင်များ လွယ်ကူလျင်မြန်စွာ မဲပေးနိုင်ရေးအတွက် မဲပေးစက်များတွင်  SDကဒ်များစနစ်တကျ ထည့်သွင်းခြင်း၊ BU Paper စနစ်တကျတပ်ခြင်း၊ ပြည်နယ်လွှတ်တော် SDကဒ်များနှင့် တိုင်းရင်းသားလူမျိုး SDကဒ်များ လွဲမှားစွာထည့်သွင်းမှုမဖြစ်စေရေး အလေးထားဆောင်ရွက်ကြရန်၊ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)များ ချို့ယွင်းမှုများရှိပါက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နည်းပညာအထောက်အကူပြုအဖွဲ့များ ဆက်သွယ်ပူးပေါင်းကာ အချိန်မီဆောင်ရွက်ကြရန်၊ ရွေးကောက်ပွဲပြုလုပ်မည့် မဲရုံများသို့ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)  အချိန်မီရောက်ရှိရေး၊ စနစ်တကျ သယ်ယူပို့ဆောင်ရမည့် အခြေအနေများကို ရှင်းလင်းမှာကြားခဲ့ပြီး မဲပေးစက်များ တပ်ဆင်ဆောင်ရွက်နေသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်ဆက်)