တာချီလိတ်မြို့၌ နိုင်ငံတော်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီး၏ တရားပွဲတွင် အလှူငွေထည့်ဝင်လှူဒါန်းသည့် အလှူရှင်များအား ဘုရားဆင်းတုတော်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်

‎‎တာချီလိတ် ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ရွှေတိဂုံစေတီတော်ရင်ပြင်၌ ကျင်းပသည့် နိုင်ငံတော်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီး၏ တရားပွဲတွင် နဝကမ္မအလှူတော်ငွေနှင့် ဆေးပဒေသာပင်အလှူတော်ငွေများ ထည့်ဝင်လှူဒါန်းသော အလှူရှင်များအား ဘုရားဆင်းတုနှင့် ဂုဏ်ပြုအနုမောဒနာ မှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ ခရိုင်/ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

‎‎ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်းနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံတို့က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး နိုင်အောင်ကိုနှင့် ဦးကျော်လှတို့က အလှူငွေရရှိမှုနှင့် သုံးစွဲမှုမှတ်တမ်းအား ရှင်းလင်းတင်ပြသည်။

‎‎ထို့နောက် စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မြို့၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အလှူရှင်များအား အလိုတော်ပြည့် ဗုဒ္ဓရုပ်ပွားတော် ၅၀ဝ ဆူ၊ လာဘမုနိပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော် ၉၀ ဆူနှင့် ဂုဏ်ပြုအနုမောဒနာမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)