တာချီလိတ် ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကလပ်ပေါင်းစုံအမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းနေရာယူကြကာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုကြသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အခမ်းအနာအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြသည်။
ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)မှ ကျောင်းသူလေးများက “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်”တေးသီချင်းဖြင့် ကပြဖျော်ဖြေပြီး ME STYLE CUP အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်ဖြစ် ရိုးမတောင်တန်းအသင်းနှင့် Cheers Corner အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၁၃ ရက်နေ့မှ ၃၀ ရက်နေ့အထိ အသင်း ၁၈ သင်းက အုပ်စု ၆ စုခွဲ၍ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)