ပွင့်ဖြူမြို့နယ် သမော်အင်းကျေးရွာ၌ ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီး

ပွင့်ဖြူ ဇန်နဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မုန်းမြင့်ကျေးရွာအုပ်စု၊ သမော်အင်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ သမော်အင်းကျေးရွာတွင် လမ်းအရှည် ၆ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် နှစ်ပေ ကိုးလက်မရှိ ကျေးလက်ကုန်ထုတ်လမ်း မြေနီကျောက်စရစ်ခင်းခြင်းနှင့် ၎င်းလမ်းပေါ်တွင် အရှည် ခြောက်ပေ၊ အကျယ် ပေ ၂၀၊ အမြင့် ခြောက်ပေရှိ Box Culvert  တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ဆောင်ရွက်ပြီးစီးသည့် ကျေးလက်ကုန်ထုတ်လမ်းအား ရေရှည်တည်တံ့ကောင်းမွန်အောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းကို ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၀၅ ဒသမ ၇ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ယူ၍ ၂၀၂၅ ဇွန်လ ၁၉ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဖောက်လုပ်ပြီးစီးပြီဖြစ်၍ သမော်အင်းကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံတောင်သူများအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစွာ သွားလာနိုင်မည့်အပြင် ကျေးရွာမှထွက်ရှိသော ထုတ်ကုန်၊ ထွက်ကုန်များကို ဈေးကွက်သို့ လွယ်လင့်တကူ သယ်ယူပို့ဆောင်ရောင်းချနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)