ပွင့်ဖြူ ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မုန်းမြင့်ကျေးရွာအုပ်စု၊ စွန်းကျေးရွာ၌ ကျေးရွာမတည်စီမံကိန်းရန်ပုံငွေ(VRFP)စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လှကြူနွဲ့နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာကော်မတီဝင်များနှင့်အတူ စွန်းကျေးရွာ၌ (VRFP) စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ လစဉ်ဖြည့်သွင်းရမည့် ငွေစာရင်းဇယားများ စနစ်တကျ ဖြည့်သွင်းထားရှိမှုနှင့် စီမံကိန်းဆိုင်ရာ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဦးစီးမှူး ဒေါ်လှကြူနွဲ့က (VRFP) စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာ၌ ကျေးရွာမတည်စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်း အသင်းသား၊ အသင်းသူ ၅၇ ဦးကို ဆဌမအကြိမ်မြောက် VRFP စီမံကိန်းရန်ပုံငွေကျပ် ၂၁ သန်း ထုတ်ချေးပေးထားပြီး စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )