အုတ်ဖိုမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

အုတ်ဖို ဇန်နဝါရီ ၁၄

သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့က အောင်မင်္ဂလာ ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် အသက်(၁၀)နှစ်ပြည့်ပြီးသူများနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ဥပဒေနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း၊ နိုင်ငံသားတိုင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ရှိမှသာလျှင် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတိုင်းအတွက် အရေးကြီးသည့် အရာတစ်ခုဖြစ်သည့်အတွက် ယခုကဲ့သို့ ပန်းခင်းစီမံချက် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်အနေဖြင့်  ပန်းခင်းစီမံချက်(၁)ဖြင့် ဒေသခံ (၅၀၂၅)ဦး၊ ပန်းခင်းစီမံချက် (၂) ဖြင့် ဒေသခံပြည်သူ (၃၇၉၃)ဦး၊ (၁.၁.၂၀၂၄)ရက်နေ့မှ ယနေ့အထိ ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်(၃)ဖြင့် ဒေသခံပြည်သူ (၄၅၀၀)ဦးခန့်ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်ရရှိရေး ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ပြီး  မြို့နယ်အတွင်းကျန်ရှိသည့် ကျေးရွာ၊ ရပ်ကွက်များကို ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အုတ်ဖိုမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။

အောင်သူ (ပြန်/ဆက်)