ပွင့်ဖြူ ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ချည်မျှင်ရှည်ဝါသီးနှံ ၃၄၁၀ ဧကထိ ဆွတ်ခူးသိမ်းဆည်းပြီးစီးပြီဖြစ်ကာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၅၃၃ ပိဿာထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါသီးနှံ ၄၈၇၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါ စိုက်ပျိုးထားသော ဝါစိုက်ခင်းများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ပထမပတ်မှစတင်၍ ဆွတ်ခူးသိမ်းဆည်းခဲ့ရာ ယနေ့တွင် ၃၄၁၀ ဧကထိ သိမ်းဆည်းပြီးစီးပြီဖြစ်ပြီး ဝါအထွက်နှုန်းမှာ တစ်ဧကလျှင် ၅၃၃ ပိဿာထွက်ရှိကြောင်း သိရသည်။
"ပွင့်ဖြူမြို့နယ်အတွင်း မိုးသီးနှံစိုက်ပျိုးရာသီမှာ စိုက်ပျိုးခဲ့တဲ့ ချည်မျှင်ရှည်ဝါသီးနှံ ၄၈၇၂ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီစိုက်ပျိုးထားတဲ့ ဝါစိုက်ခင်းတွေကို လက်ရှိမှာ ဆွတ်ခူးသိမ်းဆည်းနေကြပါတယ်။ ဒီနေ့ထိ ဧက ၃၄၀၀ ကျော် သိမ်းဆည်းပြီးစီးပြီဖြစ်ပါတယ်။ ဝါအထွက်နှုန်းအနေနဲ့က တစ်ဧကကို ၅၃၃ ပိဿာထွက်ရှိပါတယ်။ ချည်မျှင်ဝါက ဈေးကွက်ရှိတာကြောင့် ဒေသခံတောင်သူတွေက မိုးဦးနဲ့ မိုးနှောင်းမှာ စီးပွားဖြစ် အားထားစိုက်ပျိုးကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးတောင်သူများကို သီးနှံဝင်ငွေတိုးပွားစေရန်နှင့် အရည်အသွေးကောင်းသော ဝါသီးနှံများ ထွက်ရှိစေရန် စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့်ကိုက်ညီသော မျိုးကောင်း မျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေး စသည့် အသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချည်မျှင်ရှည်ဝါကို အရည်အသွေးနှင့် အထွက်နှုန်း တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် အထောက်အကူပြုပေးနိုင်မည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်မည်ဖြစ်၍ ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ချည်မျှင်ရှည်ဝါကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေထံမှ သိရှိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)