ငါးသိုင်းချောင်းမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

ငါးသိုင်းချောင်း ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း(သရက်ချောင်း)၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ခင်မာလာအောင်ကလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗဟုသုတတိုးပွားစေရေးအတွက်စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး စသည့်အကြောင်းအရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်(၂) ဦးခင်မောင်မြင့်က လူကုန်ကူးမှုခံရနိုင်သည့် အန္တရာယ်များစာဖတ်ခြင်းဖြင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ မူးယစ်ဆေးဝါး၏ အန္တရာယ်ဆိုးကျိုးများကို အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဦးအေးမင်းလတ်က မုန့်များကိုထောက်ခံချက် အပြည့်အဝရှိသောမုန့်များကို စားသုံးသင့်ကြောင်း၊ ထို့သို့စားသုံးရာတွင်လည်း အန္တရာယ်ဖြစ်စေသည့်အစားအစာများ ရှောင်ရှားသင့်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ ကာတွန်းစာစောင်များစသည့် ကလေးစာပေများကိုဖတ်ရှူစေခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုခံရနိုင်သည့် အကြောင်းအရာများ၊ ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းခြင်းဆိုင်ရာစသည့် အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)