သဲကုန်းမြို့နယ်အတွင်းရှိ မဲစာရင်းအမည်ပါဝင်သော ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ One Stop Service ဖြင့် နေ့ချင်းပြီး ဆောင်ရွက်

သဲကုန်း ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်း၊ သဲကုန်းမြို့နယ်အတွင်းရှိ မဲစာရင်းအမည်ပါဝင်သော ဒေသခံပြည်သူများ၊ နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်းမရှိသူများအား One Stop Service ဖြင့် ယနေ့နံနက် (၁၀)နာရီအချိန်က သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစောငြိမ်းသောင်းနှင့် ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနိုင်ရေးအတွက်(၁၈) နှစ်ပြည့်ကာ မှတ်ပုံတင်မပြုလုပ်ရသေးသည့်သူများ၊ (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်)မည့်သူများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲပေးခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်ကာ မဲပေးနိုင်ရေးအတွက် One Stop Service ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နေထိုင်သော ဒေသခံပြည်သူ (၆၀) ဦးအား နေ့ချင်းပြီး ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ဝန်ထမ်းများအနေဖြင့် ပုတီးကုန်းမြို့ အုပ်ချုပ်ရေးမှူးရုံးတွင်လည်း ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို One Stop Service ဖြင့် နေ့ချင်းပြီး ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကိုကျော် (သဲကုန်း)