သုံးခွ ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Clubအဖွဲ့ တို့ပူးပေါင်း၍ စာပေချစ်သူများ စာဖတ်ပရိသတ်များ၊ စာပေကိုပိုမိုချစ်မြတ်နိုးတတ်စေရန်နှင့် စာပေမှအသိပညာဗဟုသုတပိုမိုရရှိစေရန်ရည်ရွယ်၍ စာရေးဆရာ မင်းဗထူးရေးသားသည့် “စဥ်းစားတွေးခေါ်မှုကို ပြောင်းလဲပါ” စာအုပ်စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ဝ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်၊၊
ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ Book Club ဥက္ကဋ္ဌ ဒေါ်ရီရီအေးက စာရေးဆရာ မင်းဗထူးရေးသားသည့် " စဥ်းစားတွေးခေါ်မှုကို ပြောင်းလဲပါ" စာအုပ်ပါအကြောင်းအရာများထဲမှ “ကောင်းမွန်သော သွင်းအားစုကိုရယူပါ” ခေါင်းစဥ်ဖြင့် ဆွေးနွေးရာတွင် ကောင်းမွန်စွာတွေးခေါ်တတ်သူများသည် အတွေးအခေါ်အမြောက်အများကို ရယူသုံးစွဲရန် အမြဲအသင့်ရှိကြပါကြောင်း၊ စဥ်းစားတွေးခေါ်မှုလုပ်ငန်းစဥ်ကို စတင်ရမည့် အကြောင်းအရာများကို အမြဲတမ်းစူးစမ်းရှာဖွေနေကြပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ထို့နောက် Book club အဖွဲ့ဝင် ဦးသန်းဇော်က “စဥ်းစားတွေးခေါ်ရန် မှန်ကန်သောနေရာတစ်ခုရရှိပါစေ” ခေါင်းစဥ်ဖြင့် ဆွေးနွေးရာတွင် ကောင်းမွန်သောစဥ်းစားတွေးခေါ်သူတစ်ဦးဖြစ်စေရန် များစွာခက်ခဲရှုပ်ထွေးမှုမရှိပါကြောင်း၊ ဘယ်လိုနေရာမျိုးသည် စဥ်းစားတွေးခေါ်ရန် အကောင်းဆုံးနေရာဖြစ်နိုင်မလဲ ၊အတွေးများကိုပုံသွင်းရင်း ဘယ်အတွေးက ဘယ်လောက်အလားအလာရှိသည်ကို သင်ရိပ်မိလာမှာဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ Book Club အဖွဲ့ဝင် ဒေါ်ကျော့ကေခိုင်ကလည်း “အမြင်ကျယ်သောစဥ်းစားတွေးခေါ်ခြင်း ဉာဏ်ပညာကို ဘာကြောင့်လိုအပ်သလဲ”ခေါင်းစဥ်ဖြင့်ဆွေးနွေးရာ အမြင်ကျယ်သောစဥ်းစားတွေးခေါ်ခြင်း၏ အကျိုးကျေးဇူးကို သင်၏အလိုလိုသိမြင်တတ်သော ဉာဏ်ဖြင့်သိထားပြီး ဖြစ်ကောင်းဖြစ်နိုင်ပါကြောင်း၊ လူအနည်းငယ်ကသာ အမြင်ကျဥ်းမြောင်းမှုကို လိုလားမှုရှိနိုင်သော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ မိမိကိုယ်မိမိအမြင်ကျဥ်းအောင် တမင်ကြိုးစားအားထုတ်မှုတော့ ရှိလိမ့်မည်မဟုတ်ပါကြောင်း စသည့်စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးဖလှယ်ခဲ့ကြသည်၊၊
စာဖတ်ဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို စာပေချစ်သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်၊၊
စည်သူလင်း (ပြန်/ဆက်)