ပခုက္ကူ ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ချိုချိုမာက “မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးဆိုင်ရာများ”၊ ဦးစီးအရာရှိ ဒေါ်တင်မာမျိုး(တွဲဖက်)က “မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းရင်းများနှင့် မူးယစ်ဆေးဝါးအမျိုးအစားများ”၊ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေ(စာကြည့်တိုက်မှူး)က “မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ခံစားရရှိနိုင်သည့် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးပြဿနာများ”၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ချိုချိုဝင်း(တွဲဖက်)က “မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ”အကြောင်းတို့ကို အသိပညာပေးဟောပြောကြသည်။
အဆိုပါဟောပြောပွဲတွင် ပခုက္ကူမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ဟောပြောမှုအပေါ် နားလည်နိုင်မှုစွမ်းရည်မေးမြန်း၍ အဖြေမှန်ရရှိသူများအား စာရေးကိရိယာသုံး လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)