တောင်ငူမြို့၌ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာနှင့် မျိုးစေ့ပျိုးပင် ရောင်းချသည့် လုပ်ငန်းရှင်များ လိုက်နာရမည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းကမ်းချက်များကို ရှင်းလင်းအသိပညာပေးသင်တန်း ဖွင့်လှစ်

တောင်ငူ ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ ကေတုရတနာခန်းမ၌ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ တောင်ငူခရိုင်အတွင်းရှိ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာနှင့် မျိုးစေ့ပျိုးပင်ရောင်းချသည့် လုပ်ငန်းရှင်များ လိုက်နာရမည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းကမ်းချက်များရှင်းလင်းခြင်း အသိပညာပေးသင်တန်းကို ယနေ့နံနက် ()နာရီခွဲက ကျင်းပခဲ့သည်။

ထိုသို့ကျင်းပရာတွင် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းမျိုးစေ့တာဝန်ခံ ဒေါ်စန်းစန်းဌေးမှ အမှာစကားပြောကြားပြီး မျိုးစေ့ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် စည်းကမ်းချက်များအား ရှင်းလင်းအသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်အေးအေးမြင့်နှင့် ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်သန်းသန်းဆင့်တို့က ပိုးသတ်ဆေးဥပဒေနှင့် မြေသြဇာဥပဒေအကြောင်း၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားသည်။ အဆိုပါ အသိပညာပေးသင်တန်းတွင် တောင်ငူခရိုင်အတွင်းရှိ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာနှင့် မျိုးစေ့ပျိုးပင်ရောင်းချသည့် လုပ်ငန်းဆိုင်ရှင် (၈၈) ဦးခန့်နှင့် ဆက်စပ်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)