နမ့်စန်မြို့နယ်တွင် ပြည်သူများကို မျက်လုံးနှင့်ဆိုင်သော ဝေဒနာများ အဆင်ပြေချောမွေ့စွာ အခမဲ့စမ်းသပ်ကုသပေးနိုင်ရေးအတွက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နမ့်စန်(တ) ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့နှင့် နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံ၊ မြို့မိ၊ မြို့ဖများ စုပေါင်းဆောင်ရွက်မည့် သီတဂူစက္ခုဒါနအလှူတော်အား အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် အကြို လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၁)ရပ်ကွက်ရှိ မြတ်ရတနာ ဟော်တယ် အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် ပုဂ္ဂလိကဆေးရုံများမှ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက နမ့်စန်မြို့နယ်အတွင်း မျက်လုံးနှင့်ပတ်သက်၍ စမ်းသပ်ကုသရန်လိုအပ်နေသော ပြည်သူများအတွက် အခမဲ့စမ်းသပ်စစ်ဆေးပြီး လိုအပ်သလို ခွဲစိတ်ကုသပေးမည့် အစီအစဉ်အား ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့နှင့် နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံ၊ မြို့မိ၊ မြို့ဖများစုပေါင်း၍ ဖေဖော်ဝါရီလ ၅ ရက်နေ့ မှ ၁၂ ရက်နေ့အထိ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မျက်စိဝေဒနာရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ကုသမှုခံယူနိုင်ရေးအတွက် နမ့်စန်တပ်နယ်မှူး၏ ကြီးကြပ်မှုဖြင့် သီတဂူမေတ္တာစက္ခုဒါန အလှူတော်ဖြစ်မြောက်ရေး ဦးစီးကော်မတီနှင့် အထောက်အကူပြု လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ နမ့်စန်တပ်နယ်၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် မြို့မိ၊ မြို့ဖများ၊ ပုဂ္ဂလိက ဆေးရုံများမှပူးပေါင်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ လူနာများ ကုသရေး၊ နေထိုင်ရေး၊ စားသောက်ရေး၊ အကြိုအပို့ ကိစ္စရပ်များ၊ ပြည်သူများအား ကြိုတင်အသိပေးစာရင်းကောက်ယူရေးနှင့် အခြားလိုအပ်သည်များကို ဦးဆောင်ဆွေးနွေး၍ တက်ရောက်လာကြသူများက ကဏ္ဍအလိုက်ဝိုင်းဝန်း ဆွေးနွေး၍ အတည်ပြုချက် ရယူခဲ့ကြသည်။

အဆိုပါ မျက်စိအထူးကုဆရာဝန်ကြီးများက မျက်စိအခမဲ့စမ်းသပ်ကုသပေးခြင်းကို ဖေဖော်ဝါရီလ ၅ ရက်မှ ၁၂ ရက်နေ့အထိ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ရပ်ကွက်နှင့် ကျေးရွာများရှိ မျက်စိဝေဒနာရှင်များအနေဖြင့် ကုသမှုခံယူလိုပါက သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ပြည်သူ့ဆေးရုံ (၀၉-၈၉၈၆၆၃၉၀၀)၊ ဦးခင်မောင်မျိုး(ဓမ္မစကူးလ်) (၀၉-၆၇၂၀၀၆၇၃၂၊၀၉-၄၂၈၃၄၃၃၇၇) ဖုန်းနံပါတ်များသို့ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီး စက္ခုဒါန အစီအစဉ်တွင် ပါဝင်လှူဒါန်းလိုသော အလှူရှင်များအနေဖြင့်လည်း ပါဝင်ကုသိုလ်ပြုလှူဒါန်းနိုင်ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)