ဆိပ်ဖြူမြို့နယ်တွင် ကြက်သွန်နီ(ဥ)သေးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိ

ဆိပ်ဖြူ ဇန်နဝါရီ ၁၄

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဆောင်းကြက်သွန်နီ(ဥ)သေးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ ဈေးကွက်၌ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီ အဓိက စိုက်ပျိုးထုတ်လုပ်တင်ပို့ရာ ဒေသတစ်ခုဖြစ်ပြီး ဒေသခံတောင်သူများအနေဖြင့် ကြက်သွန်နီကို ဆောင်းရာသီကာလ၌ ကြက်သွန်နီ(ဥ)သေးစိုက်ပျိုးဆောင်ရွက်ကြကာ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အတွက် ကြက်သွန်နီကို စိုက်ပျိုးရန် လျာထားဧက (၇၉၀၁) ဧကဖြစ်ပြီး စိုက်ပျိုးသည့် စိုက်ဧကမှာ (၁၁၈၃၇)ဧက စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကြက်သွန်နီ(ဥ)သေးစိုက်ခြင်းကို ကိုင်းစိုက်ပျိုးမြေများတွင် နှစ်စဉ် သီတင်းကျွတ်လဆန်းရက်များမှ တန်ဆောင်မုန်းလအတွင်း စတင်စိုက်ပျိုးဆောင်ရွက်ကြကြောင်း၊ ကြက်သွန်နီ အပင်စိုက်ခြင်းကို နတ်တော်လကုန်ပိုင်းနှင့် ပြာသိုလလဆန်းပိုင်းတို့၌ ချောင်းစိုက်ပျိုးမြေနှင့် လယ်မြေတို့တွင် စိုက်ပျိုးဆောင်ရွက်ကြသည်။ လက်ရှိအချိန်ကာလတွင် ကြက်သွန်နီစိုက်ပျိုးတောင်သူများက ဆောင်းကြက်သွန်နီ အပင်စိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်ခြင်းများရှိကြောင်း၊ ကြက်သွန်နီ(ဥ)သေး စိုက်ခင်းများ တူးဖော်ဆောင်ရွက်လျက်ရှိပြီး ဈေးကောင်းရရှိမှု ရှိကြောင်း၊ ကြက်သွန်နီကို စိုက်ခင်းအတွင်း လာရောက်ဝယ်ယူကြသည့် ကုန်သည်များရှိသကဲ့သို့ တောင်သူများက ကြက်သွန်နီ ကုန်စည်ဒိုင်သို့လည်း တင်ပို့ရောင်းချကြကြောင်း၊ လတ်တလော ကြက်သွန်နီအသစ်ဈေးနှုန်းမှာ စိုက်ခင်းအတွင်းရောင်းလျှင် တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၃၀၀၊ ၂၅၀၀ ကျပ်ထိ ဈေးပေးဝယ်ယူကြကြောင်း၊ ကုန်စည်ဒိုင်တွင် နေ့စဉ် ကြက်သွန်နီကုန်အဝင် ကုန်ချိန် သုံးသောင်းခန့် ဝင်ရောက်ပြီး အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း၊ နေ့စဉ် ရန်ကုန်ဘုရင့်နောင်ဈေးနှုန်းအပေါ်အခြေခံ၍ အရောင်းအဝယ်ပြုလုပ်လျက်ရှိရာ အနိမ့်ဆုံးဈေး တစ်ပိဿာ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ဈေးရရှိသည့်အတွက် ကြက်သွန်နီ (ဥ)သေး စိုက်ပျိုးတောင်သူများ အဆင်ပြေကြကြောင်း သိရသည်။

ကိုဇွဲ (အညာမြေ)