ကြံခင်းမြို့နယ်၊ အ.လ.က(‌ရေလယ်ကျွန်း)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ

ကြံခင်း ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်း(ရေလယ်ကျွန်း)တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးစေရေး “လူငယ်စကားဝိုင်း” ကို ယမန်နေ့နံနက်ပိုင်းအက ကျင်းပခဲ့ကြသည်။

ရှေးဦးစွာ အထက်တန်းကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး၊ ရေလယ်ကျွန်းအုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွန်းနှင့် ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးတို့က အဖွင့်အမှာစကားပြောကြားခဲ့ကြသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားလာစေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်လာစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ်လူငယ် လူရွယ်များပေါ်ထွက်လာစေရန် စသည့်ရည်ရွယ်ချက်များစွာဖြင့် လူငယ်စကားဝိုင်းများကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပခဲ့ရာ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး၊ Grade-9 ကျောင်းသား မောင်မြင့်မြတ်ကျော်က “လူငယ်နှင့်စာပေဝါသနာ”၊ Grade-6 ကျောင်းသူ မအိမ့်နဒီလင်းက “လူငယ်နှင့်အသိတရား”၊ Grade-7 ကျောင်းသား မောင်ကောင်းထက်ဇင်က “လူငယ်နှင့်အချိန်၏တန်ဖိုး”၊ Grade-6 ကျောင်းသူ မအိသဥ္ဇာနွယ်က “လူငယ်နှင့်လူမှုဝန်ထမ်းစိတ်” ခေါင်းစဉ်တို့ဖြင့် ၎င်းတို့လေ့လာမှတ်သားထားကြသည့် အကြောင်းအရာများအား ဆွေးနွေးကြကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြတ်မွန်က ကျောင်းသား၊ ကျောင်းသူများ၏ ဆွေးနွေးမှုများအပေါ် သုံးသပ်ဆွေးနွေးပေးခဲ့သည်။

ဆက်လက်၍ စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်ကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားပြီး၊ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးကြသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အသီးသီးဂုဏ်ပြုချီးမြှင့်ကြပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြတ်မွန်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော သုတ၊ ရသ စာအုပ်စာစောင်ပြပွဲနှင့် မီးခိုးမြူငွေ့အန္တရာယ်ဝိုင်းဝန်းစုပေါင်း ဒို့ကာကွယ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းပါဝင်သော အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)