ကျောက်ပန်းတောင်း ဇန်နဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ ခရိုင်တိုင်းရင်းဆေးကုဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၁ နာရီက လွတ်လပ်ရေးရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း၊ စုဝေးခန်းမတွင် ဆောင်ရွက်သည်။
ထိုသို့ ဟောပြောရာတွင် ကျောက်ပန်းတောင်းမြို့နယ်၌ ခရိုင်အဆင့်ဖွင့်လှစ်ထားသည့် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သိမ့်သိမ့်မျိုးနှင့် ဝန်ထမ်းများက ဆောင်းရာသီတွင် ဖြစ်ပွားတတ်သော နှာစေး၊ နှာပိတ်ခြင်းနှင့် အအေးမိဖျားနာခြင်းနှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို အသိပညာပေးဟောပြောကြပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းက စားသောက်ကုန်များတွင်ပါဝင်နေသည့် ဆိုးဆေးများအန္တရာယ်နှင့် စားသုံးရန်မသင့်သည့်စားသောက်ကုန်များ၊ စားသုံးသူများ၏ အခွင့်အရေးများကို ရှင်းလင်းဟောပြောသည်။ ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်မေသက်နွယ်က ကလေးအလုပ်သမားပပျောက်ရေးအကြောင်းနှင့် ဒုတိယဦးစီးမှူးတို့က စာဖတ်ရှိန် မြှင့်တင်ရေး ဟောပြောကြသည်။
ဆက်လက်၍ ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ ၇၈ ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးကြရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။
နေအောင်(ပြန်/ဆက်)