တောင်တွင်းကြီး ဇန်နဝါရီ ၁၄
ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်နှင့်ပြည်စုံသည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် (၁)နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ကင်/ချောင်း)သို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်အေးမိုးမိုးမြင့်က ကျောင်းသားလူငယ်များ ရည်မှန်းချက်ထားကြိုးစားရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဗလတို့နှင့် ပြည့်စုံဖွံ့ဖြိုးလာအောင် ကြိုးစားပြုစုပျိုးထောင်အားထုတ်ကြရန် လိုပါကြောင်း၊ ကျောင်းနေအရွယ်လွန်ပြီးနောက်လည်း လူသားတစ်ဦးအနေဖြင့် အဆိုပါ ဗလငါးတန် ရှင်သန်ကြီးထွား ကြီးပွားဖွံ့ဖြိုးတိုးတက်အောင် ကျောင်းသား၊ ကျောင်းသူလူငယ်များကိုယ်တိုင်က သင်ယူလေ့လာဆည်းပူးခြင်း၊ ဖြည့်ဆည်းပျိုးထောင်ခြင်းတို့ဖြင့် အစဉ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်း(ကင်/ချောင်း)မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)