ဒေးဒရဲမြို့နယ်၌ ကျောင်းသားကျောင်းသူများ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန် ကျောင်းတွင်းအာဟာရ ကျွေးမွေး

ဒေးဒရဲ ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နိုင်ငံတော်၏ အရေးကြီးသည့် လူသားအရင်းအမြစ်များဖြစ်သည့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများအားလုံးကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်ရည်ရွယ်၍ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများ  ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းတွင်းအာဟာရကျွေးမွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများက KG ကျောင်းသား၊ ကျောင်းသူများ စနစ်တကျ လက်ဆေးနည်း၊ စနစ်မှန်သွားတိုက်နည်းလမ်းများ သင်ကြားပြသပေးခြင်း၊ အာဟာရဓာတ်မျှတစွာ စားသုံးတတ်စေရေးအသိပေးဟောပြောခဲ့ပြီး KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြည့်စွက်စာများ ကျွေးမွေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများကို (၂၀၂၆)ခုနှစ် ဇန်နဝါရီလအတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အခြေခံပညာကျောင်း (၂၁၇) ကျောင်းရှိ KG ကျောင်းသား၊ ကျောင်းသူ (၃၂၁၇) ဦးအား မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မိဘဆရာအသင်းများက ပူးပေါင်း၍ အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းစေရေး ကျောင်းတွင်းအာဟာရကျွးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း