သာကေတ ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မြန်မာအီလက်ထရောနစ်မဲပေးစက်များ ဇန်နဝါရီ ၁၃ ရက်နေ့ နေ့လယ် ၁၁ နာရီအချိန်က ရောက်ရှိရာ သာကေတမြို့နယ် ရဲစခန်းဓမ္မာရုံ၌ ကောမှူးမြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ ဦးစီးအရာရှိ ဦးကျော်ဇင်ထက်မှ လွှဲပြောင်းပေးအပ်ခဲ့ရာ သာကေတမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် MEVM နည်းပညာအထောက်အကူပြုအဖွဲ့တာ၀န်ရှိသူများ၊ မြို့နယ် MEVM နည်းပြအဖွဲ့တာ၀န်ရှိသူများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ ဦးစီးအရာရှိ ဒေါ်နှင်းယုကျော်နှင့် အဖွဲ့မှ လက်ခံဆောင်ရွက်ထားရှိကြောင်း သိရသည်။
အဆိုပါ MEVM မဲပေးစက်များကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်နှင့် ရခိုင်တိုင်းရင်းသားမဲဆန္ဒနယ်များ၏ ဆန္ဒမဲပေးရာတွင် အသုံးပြုမည်ဖြစ်ပါသည်။ သာကေတမြို့ နယ်တွင် မဲရုံစုစုပေါင်း (၉၇) ရုံရှိရာ အရန်မဲပေးစက်အပါအ၀င် MEVM မဲပေးစက် (၂၀၅) လုံးအသုံးပြုသွားမည်ဖြစ်ပြီး မဲပေးစက်များကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့များတွင် နည်းပြများနှင့် စက်ကိုင်တာ၀န်ထမ်းဆောင်မည့်သူများက တပ်ဆင်သွားမည်ဖြစ်ကြောင်းနှင့် ဇန်နဝါရီ ၂၅ ရက်နေ့တွင် မဲရုံများအလိုက် မဲပေးစက်များ အဆင်သင့်အသုံးပြုနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားမည်ဖြစ်ကြောင်း သိရသည်။
သဲထက်ဇင် (ပြန်/ဆက်)