မကွေး ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် ဒေသခံပြည်သူများမှ တောင်းဆိုထားသည့် ကျေးလက်လမ်း၊ တံတားများကို Quick Win အစီအစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စု (အထွေထွေပိုလျှံ) ရန်ပုံငွေကျပ် (၃၀၀.၀၀)သန်းအသုံးပြု၍ မြို့ရှောင်လမ်းမှအလယ်ချောင်း-သဖန်း ဆိပ်လမ်းမိုင်တိုင်(၀/၆ - ၀/၇) ကြားကွန်ကရစ်ရေကျော်(၂၀၀)ပေ(၁)စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး (မြို့ပြ)ဦးဝင်းမိုးထိုက်၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးစိုးမင်းထွန်းတို့က ယမန်နေ့နံနက်(၉)နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မကွေးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် မြို့နယ်ဦးစီးအရာရှိ(မြို့ပြ)တို့မှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးညွှန်ကြားရေးမှူး (မြို့ပြ)ဦးဝင်းမိုးထိုက်ကလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါရေကျော်သည်အလျား(၂၀၀)ပေ၊ ယာဉ်သွားလမ်းအကျယ်(၂၀)ပေ၊ Up Stream ဘက်ခြမ်း (၈)ပေ၊Down Stream ဘက်ခြမ်း(၁၄)ပေ၊ ကွန်ကရစ်လမ်းသားထု(၉) လက်မဖြင့်၂၀၂၅ခုနှစ် နိုဝင်ဘာ(၉) ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင်လုပ်ငန်း၏ (၉၀%)ဆောင်ရွက်ပြီးဖြစ်ကာ လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပါကကျေးရွာ(၃)ရွာ၊ အိမ်ခြေ(၆၆၀)၊ လူဦးရေ(၂၇၆၃)ဦးတို့အနေဖြင့် ဧရာဝတီမြစ်ရေမြင့်တက်ချိန်နှင့် တောင်ကျချောင်းရေကျဆင်းချိန်တွင် ကြုံတွေ့ခံစားရလေ့ရှိသော လမ်းပန်းဆက်သွယ်မှုပြတ်တောက်ခြင်း ဘေးမှကင်းဝေးပြီး လူမှုစီးပွားဘဝတိုးတက်ကောင်းမွန်သည့် အကျိုးကျေးဇူးများဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်းမင်း(ပြန်/ဆက်)