မကွေးတိုင်းဒေသကြီးအတွင်း၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် (MEVM)မဲပေးစက်များ ထိန်းသိမ်းထားသိုမည့်နေရာသို့ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေး

မင်းဘူး ဇန်နဝါရီ ၁၅

မကွေးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုဆောင်ရွက်ခဲ့သော မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များ ထိန်းသိမ်းထားသိုမည့်နေရာသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ စစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦး (မကွေးတိုင်းဒေသကြီးတာဝန်ခံ) တို့နှင့် တာဝန်ရှိသူများက မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အောင်မြင်စွာ အသုံးပြုဆောင်ရွက်ခဲ့သော မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များ သိမ်းဆည်းထားရှိမည့် မင်းဘူးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးဝင်းအတွင်းရှိ နေရာများအား ကြည့်ရှုစစ်ဆေးခြင်း၊ ပစ္စည်းများသိမ်းဆည်ရန် အခန်းနှင့်နေရာများ ကြိုင်တင်ပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ရောက်ရှိလာသော မဲပေးစက်များအား စနစ်တကျ သိမ်းဆည်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများသည် နောင်လာမည့် ရွေးကောက်ပွဲများ၌ ပြန်လည်အသုံးပြုမည့်ပစ္စည်းများ ဖြစ်သည့်အတွက် အထူးအလေးထား ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း၊ မဲပေးစက်နှင့် မဲပေးစက်တွင် အသုံးပြုခဲ့သည့် Battery များကိုလည်း တာရှည်အသုံးပြုနိုင်ရေး ပြန်လည်စစ်ဆေးပြီး လိုအပ်သည့် ဓာတ်အားပမာဏဖြင့် ထိန်းသိမ်းမှသာ ရေရှည်ခံမည်ဖြစ်သဖြင့် Battery တစ်လုံးခြင်းအလိုက် စစ်ဆေးဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မဲပေးစက် ထိန်းသိမ်းထားသိုသည့် နေရာနှင့် ဘေးအနီး ပတ်ဝန်းကျင်တွင် ပိုးဟပ်၊ ခြ၊ ကြွက်နှင့် အခြား မမျှော်မှန်းနိုင်သော မီဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရေး စနစ်တကျ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြမှုများပေါ်  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

မင်းဘူးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ သိမ်းဆည်းထားရှိမည့် နေရာသို့ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ မော်တော်ယာဉ်များဖြင့် အဆိုပါစက်များကို လာရောက် ပို့ဆောင်လျက်ရှိရာ မင်းဘူးခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာရှိသူများက  မဲပေးစက်နှင့်ဆက်စပ်သည့် ပစ္စည်းများအား ဖွင့်ဖောက်စစ်ဆေးပြီး မှတ်တမ်းတင် လက်ခံကာ ပြန်လည်သိမ်းဆည်းခြင်းလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)