ပွင့်ဖြူမြို့နယ် သမော်အင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)လုပ်ငန်းများ ဆောင်ရွက်နေမှုစစ်ဆေး

ပွင့်ဖြူ ဇန်နဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ သမော်အင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေများဖြင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးကျော်နှင့် ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့် သမော်အင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နေကြာ၊ နှမ်း၊ မြေပဲနှင့် အခြားဆီထွက်သီးနှံ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဦးစီးအရာရှိက စီမံကိန်းလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် အောင်မြင်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

အဆိုပါ သမော်အင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေကျပ် ၁၀ ဒသမ ၈ သန်းဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိရာ ယခု ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် စတုတ္ထအကြိမ်မြောက် ရှိပြီဖြစ်ကာ စုစုပေါင်း စီမံကိန်း အသင်းသား၊ အသင်းသူ ၃၅ ဦးဖြင့် စီမံကိန်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)